International News

ထိုင်းနိုင်ငံ၌ ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် (Diesel Excise Tax) လျှော့ပေါ့ ကောက်ခံပေးမှုအား ဆက်လက်ခွင့်ပြု သွားဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုအား ထိန်းသိမ်းနိုင်ရန်အတွက် ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန်အား ဇူလိုင်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ အထိ လျှော့ပေါ့ပေးထားခဲ့ပြီး ထိုင်းနိုင်ငံအစိုးရအနေဖြင့် ၂၀၂၂ ခုနှစ် ကုန်ဆုံးသည်အထိ ဆက်လက်ခွင့်ပြုပေးသွားရန် စဉ်းစားလျက်ရှိပါသည်။

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန (Finance Ministry) အနေဖြင့် နိုင်ငံသားများ၏ နေထိုင်မှုစရိတ်သက်သာစေရန်အတွက် ယခုနှစ် ၂၀၂၂ ခုနှစ်ကုန်ဆုံးသည်အထိ ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် လျှော့ပေါ့ပေးထားမှု (Diesel Excise Tax Reduction) အား ဆက်လက်ခွင့်ပြုပေးသွားရန် နိုင်ငံတော်အစိုးရအဖွဲ့ထံသို့ တင်ပြသွားနိုင်ရေးစီစဉ်လျက်ရှိသည်ဟု ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် (Diesel Excise Tax) တစ်လီတာလျှင် ထိုင်းဘတ်ငွေ ၅ ဘတ်လျှော့ပေါ့ပေးထားမှုအား ၂၀၂၂ ခုနှစ်ကုန်ဆုံးသည်အထိ ဆက်လက်ခွင့်ပြုပေးသွားရန်နှင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်နေသည့် ယခုလများအတွင်း တစ်လီတာလျှင် ထိုင်းငွေ ၃ ဘတ်အား ထပ်မံလျှော့ချပေးနိုင်မည့် အခြားနည်းလမ်း တစ်ခုကိုလည်း စဉ်းစားလျက်ရှိပါသည်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် လျှော့ပေါ့ပေး ထားမှု (Diesel Excise Tax Reduction) တစ်လီတာလျှင် ထိုင်းဘတ်ငွေ ၅ဘတ်အား ဇူလိုင်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၂ လတာမျှ ဆက်လက် လျှော့ပေါ့ကောက်ခံပေးသွားမည်ဟုပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကို သက်သာစေရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဒီဇယ်ဆီ တစ်လီတာလျှင် ထိုင်းဘတ်ငွေ ၃ ဘတ်အား ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ လျှော့ပေါ့ ကောက်ခံသွားရန်ဆုံးဖြတ်ခဲ့ပါသည်။ မကြာသေးမီက ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံသားများ၏ နေထိုင်မှုစရိတ်မြင့်တက်လာမှုအား သက်သာစေရန် စွမ်းအင်ဈေးနှုန်း မြင့်တက်မှုများနှင့်စပ်လျဉ်း၍ အခွန်လျှော့ပေါ့ပေးမှုဆိုင်ရာ လုပ်ဆောင်ချက်များကို ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာလုံး ဆက်လက်လုပ် ဆောင်ပေးသွားမည်ဟု ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Arkhom Termpittayapaisith က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ယခုနှစ်အတွင်း ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် လျှော့ပေါ့ပေးထားမှု (Diesel Excise Tax Reduction) သုံးကြိမ်အထိရှိခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၆၈ ဘီလီယံခန့် ကျခံသုံးစွဲပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်လျှော့ပေါ့ပေးပါက ထိုင်းနိုင်ငံအစိုးရမှ ဒီဇယ်ဆီအတွက် ကျခံသုံးစွဲပေးမှုသည် တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁၀၀ ဘီလီယံနီးပါးရှိလာမည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံအစိုးရ၏ ၂၀၂၂ ခုနှစ်အတွက် စုစုပေါင်းအခွန်ကောက်ခံမှုသည် ၎င်း ရည်မှန်းချက်ထားရှိသော ထိုင်းဘတ်ငွေ ၄၀-၅၀ ဘီလီယံ ထက်ကျော် လွန်မည်ဟုခန့်မှန်းထားကြောင်း၊ ထိုင်းနိုင်ငံ၊ ယစ်မျိုးဦး စီးဌာန (Excise Department) ၏ ညွှန်ကြားရေးမှူးချုပ် Ekniti Nitithanprapas က နိုင်ငံတော်အစိုးရမှ ထောက်ပံ့ကျခံပေးထားသည့် ဒီဇယ်ဆီများကို တရားမဝင်ပြန်လည်ရောင်းချမှုများပြုလုပ်ပါက ထိ‌ရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ပါသည်။

ဌာနအနေဖြင့် ငါးဖမ်းစက်လှေများအတွက် အသုံးပြုရန်ဝယ်ယူသည့် ဒီဇယ်ဆီအပေါ် အထူးကုန်စည်ခွန် (Excise Tax) နှင့် တန်ဖိုးမြှင့် အခွန် (Value-Added Tax) စုစုပေါင်းတစ်လီတာလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ်လျှော့ပေါ့ပေး ထားပါသည်။

ထိုင်းနိုင်ငံအစိုးရမှ ကျခံသုံးစွဲပေးထားသော ဒီဇယ်ဆီများအား ပြန်လည်၍ မှောင်ခိုရောင်းချမှုများဖြစ်ပွားမှုမရှိစေရန်အတွက် ဒီဇယ်ဆီ ဝယ်ယူထားသည့် ငါးဖမ်းစက် လှေများအား ဂြိုလ်တုနှင့်ချိတ်ဆက်၍ ၎င်းတို့၏ တည်နေရာကို တွေ့မြင်နိုင်စေရန် စီမံထားရှိကြောင်းနှင့် အဆိုပါဈေးနှုန်းသက်သာသည့်ဒီ ဇယ်ဆီသုံးစွဲမှုသည် တစ်နှစ်လျှင် စုစုပေါင်းလီတာ ၆၀၀ သန်းရှိပြီး ထိုင်းနိုင်ငံ အစိုးရအနေဖြင့် နှစ်စဉ် ထိုင်းဘတ် ငွေ ၄ ဘီလီယံ အကုန်အကျခံပေးထားပါသည်။

 

 

 

( ပြည့်ဖြိုးအောင်၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)

 

Source: Viet Nam News

Category: International News